လှိုင်သာယာ စက်မှုဇုံ (၃) တွင်ရှိသော မြဖက်ရှင် အထည်ချုပ်စက်ရုံ၊ တိုင်ရီ ဖိနပ်စက်ရုံ နှင့် အိုပယ်ဝမ်း၊ အိုပယ်တူး၊ ရက်စ် (Yes) စက်ရုံများ မှ အလုပ်သမားများသည် လစာနည်းပါးမှု နှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှု လူနေမှု စရိတ် ကြီးမြင့် လာသည့်အပေါ် အခြေခံပြီး ၎င်းတို့  ၏
လိုအပ်ချက်များကို တောင်းဆိုလာရာမှ လုပ်ခ လစာ နှင့် အလုပ်သမား အခွင့်အရေး တိုးမြှင့်ရရှိရေးတို့အတွက် ယခုနှစ် အတွင်း တတိယအကြိမ်မြောက် ဆန္ဒပြတောင်းဆိုမှုကို (၂၀၁၀) ခု ဖေဖော်ဝါရီလ (၈) ရက် နေ့  နံနက် (၇) နာရီ တွင် လုပ်သား (၂,၀၀၀) ကျော်ဖြင့် စတင်၍ ပြုလုပ်ခဲ့ ကြောင်း သိရသည်။ဒုတိယနေ့ ဖေဖော်ဝါရီ (၉)ရက် တွင် ကုန်သည် စက်မှု အသင်း ချုပ်မှ အလုပ်သမား နှင့် အလုပ်ရှင်အကြား လာရောက် ညှိနှိုင်း ပေးခဲ့ကြောင်း ရိုက်တာသတင်းဌာန အဆိုအရ သိရသည်။
အလုပ်သမားများက လစာတိုးပေးရေး၊ အလုပ်လုပ်ချိန် လျှော့ ပေးရေး နှင့် အလုပ်သမားများ စားသောက် နေထိုင်သည့် နေရာများ၌ သန့်ရှင်းရေးများ ပြုလုပ်ပေးရန် စသည့် အချက်များကို တောင်းဆိုကြောင်း သိရသည်။ တချိန်တည်းမှာပင် စစ်အုပ်စုသက်ဆိုင်ရာတို့  က လူ (၅) ဦးထက် ပိုမို စုရုံး ပါက ထုတ်ပြန်ထားသော ဥပဒေများ နှင့် ဆန့် ကျင်နေသည့် အတွက် အမြန်ဆုံး လူစုခွဲ ကြရန် ငြိမ်းချမ်းစွာ အခွင့်အရေး တောင်းဆိုနေသည့် အလုပ်သမားများအား ခြိမ်းခြောက် ပြောဆိုနေသည်။ လုံထိန်း ကားများ၊ မီးသတ်ကားများ ဖြင့် ၀ိုင်းရံ ပိတ်ဆို့ ထားပြီး အလုပ်သမားထုအား အင်အားသုံး ဖြိုခွဲရန် အသင့် ပြင် ဆင် နေသည်။ နောက်ဆုံး ရရှိသည့် သတင်း အရ ယနေ့  နေ့ လည်တွင် ရဲချုပ်ခင်ရီ ကိုယ်တိုင် ထပ်မံ ရောက်ရှိ လာပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော စက်ရုံ အလုပ်သမားများကို ထပ်မံ ခြိမ်းခြောက်လျှက် ရှိသည်ဟု သိရ ပါသည်။
လှိုင်သာယာ စက်မှုဇုန်တွင် စားသောက်ကုန်ထုတ်လုပ်ငန်း၊ အထည်ချုပ်၊ အိမ်သုံးကုန်များ ထုတ်လုပ်သည့် စက်ရုံ အများအပြား ရှိနေပြီး၊ မြန်မာပြည် နေရာအနှံ့ အပြား မှ အလုပ်သမားများ အခြေချ လုပ်ကိုင် နေကြခြင်း ဖြစ်သည်။
ပြီးခဲ့တဲ့လ (၇) ရက်နေ့ တွင် လှိုင်သာယာ စက်မှုဇုန် (၂) ရှိ ပုစွန် အအေးခန်း စက်ရုံ တစ်ခုတွင် အလုပ်သမား (၁၀၀) ခန့် ဆန္ဒပြခဲ့ ကြသကဲ့သို့ စက်မှုဇုန် (၃) ရှိ Weng Hong Hung အထည်ချုပ် စက်ရုံတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ က အလုပ်သမားများ လုပ်အားခ တိုးမြှင့်တောင်းဆိုမှု ဖြစ်ပွားခဲ့သည်ဟုသိရသည်။
ယခု ဆန္ဒပြနေသည့် စက်ရုံများမှာ အထည်ချုပ်လုပ်ငန်း၊ သကြားလုံး နှင့် စားသောက်ကုန်လုပ်ငန်းများကို လုပ်ကိုင်နေခြင်း ဖြစ်ပြီး စက်မှုဇုံအတွင်း ရှိ စက်ရုံပေါင်း (၃၀၀) ခန့်မှာ စီးပွားရေး ကျဆင်းမှုများ ကြောင့် လည်ပတ်နိုင်ခြင်း မရှိတော့ဘဲ ပိတ်ထားရသည်။ (၂၀၀၉) ခု အောက်တိုဘာလ အတွင်းက လှိုင်သာယာ စက်မှုဇုန် မှ ပဲသန့်စင် စက်ရုံများ ရပ်ဆိုင်း လိုက်သောကြောင့် ပဲပိုးပေါက်၊ အခြမ်းကွဲ၊ အဖျင်းအမှော်၊ မျိုးကွဲများ ကို ဦးစွာ စိစစ် ခွဲခြားရသည့် ထောင်နှင့်ချီသော နေ့စား အလုပ်သမားတို့သည် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်းကြောင့် လုပ်ငန်းရှင်များလည်း ထိခိုက်နစ်နာကြောင်း တိုင်းပြည်ရဲ့ကုန်သွယ်ရေးကို လျစ်လျူရှု မှု တွေ၊ စွမ်းဆောင်ရည် မပြည့်ဝတဲ့ လုပ်ထုံးလုပ်နည်းတွေ အပေါ်မှာလည်း အခြေခံတယ်ဟု လုပ်ငန်းရှင် တစ်ဦး က ပြောသည်။
No comments:
Post a Comment